The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၂၅-၃-၂၀၁၉) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၅၅၄.၄) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၉၃၆၅.၀) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း၏ ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် C1-W6 ၊ ပဲခူးတိုင်းဒေသကြီး (အနောက်) C1-W7 ၊ ဧရာဝတီတိုင်းဒေသကြီး C1-W8 နှင့် မန္တလေးတိုင်းဒေသကြီး C1-W9 တို့အတွက် တည်ဆောက်ရေးလုပ်ငန်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီ (၇) ခုတို့အကြား တည်ဆောက်ရေးလုပ်ငန်းအပ်နှံသည့်စာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ         ၂၆.၃.၂၀၁၉ ရက်နေ့ ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ စက်ရုံများ၏ ထုတ်ကုန်ပစ္စည်းများ၏ နေ့စဉ်ရောင်းဈေးနှုန်းများ    

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များသို့ လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အား ပြတ်တောက်မှု လျော့နည်းစေရေး၊ လျှပ်စစ်လျော့နည်းပျောက်ဆုံးမှုလျော့ချစေရေး နှင့် ဓာတ်အား စနစ်တည်ငြိမ် တိုးတက်ကောင်းမွန်စေရေးတို့အတွက် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာများနှင့် တွေ့ဆုံ မှာကြားသည့်အစည်းအဝေး ကျင်းပပြုလုပ်

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်                              

 

            လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များသို့ လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး၊ လျှပ်စစ်လျော့နည်းပျောက်ဆုံးမှု လျော့ချစေရေးနှင့် ဓာတ်အားစနစ်တည်ငြိမ် တိုးတက်ကောင်းမွန်စေရေး တို့အတွက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် တွေ့ဆုံမှာကြားသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ( ရုံးချုပ် ) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများ၊ မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်လျှပ်စစ်မန်နေဂျာ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မီးသုံးစွဲနိုင်မှုဦးရေ (Electrification Ratio) အား တစ်နိုင်ငံလုံး၏ ၅၅ % အထိ တိုးတက်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိနေသကဲ့သို့ ဓာတ်အားစနစ်မှ မီးရရှိသုံးစွဲ နေသည့် ပြည်သူလူထုအတွက် လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး၊ လျှပ်စစ်လျော့နည်းပျောက်ဆုံးမှု လျော့ချစေရေးနှင့် ဓာတ်အားစနစ်တည်ငြိမ် တိုးတက် ကောင်းမွန်စေရေး၊ ဗို့အားပြည်ဝပြီး တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် ဟန်ချက်ညီ စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ၄င်းအပြင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်းအနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်၌ ရန်ကုန်တိုင်းဒေသကြီးတွင် Electrification Ratio ရာနှုန်းပြည့် သုံးစွဲနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာမှ ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ပိုင်းခရိုင်သည် စက်မှုဇုံများရှိသည့်ခရိုင်ဖြစ်သည့်အပြင် ယခင်နည်းပညာအရ လိုင်းဆွဲခြင်းလုပ်ငန်း၌ အားနည်းချက်များရှိခဲ့၍ မြို့နယ်များသို့ ဗို့အားပြည်ဝပြီး တည်ငြိမ်သည့် လျှပ်စစ် ဓာတ်အားကို ဖြန့်ဖြူးနိုင်ရေးအတွက် ခရိုင်အတွင်းရှိ ဝန်အားပြည့်နေသော ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ အဆင့်မြှင်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့နည်းစေရေးတို့အတွက် ယခုကဲ့သို့ အစည်းအဝေးကို လာရောက်ပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့မြို့နယ်များအလိုက် ဖြစ်ပေါ်နေသည့် ပကတိအမှန်များကို တင်ပြကြရန်နှင့် တင်ပြချက်များအပေါ် နည်းပညာအရ ပေါင်းစပ် ပြုပြင်နိုင်ရေး ဆောင်ရွက်နိုင်ရန်အတွက် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ တစ်ကြိမ်သာပြုလုပ်ခြင်းမဟုတ်ဘဲ အကြိမ်ကြိမ်ပြုလုပ်၍ တိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  နိုင်ငံတော်မှ ရည်မှန်းဆောင်ရွက် လျက်ရှိသည့် ရင်းနှီးမြှပ်နှံမှုများ အတွက်လိုအပ်သည့် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်မျှော်မှန်းပြီး ထုတ်လုပ်မှုအပိုင်း၊ ပို့လွှတ်မှုအပိုင်းနှင့် ဖြန့်ဖြူးမှုအပိုင်းများကို အသင့်ဖြစ်စေရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ရင်းနှီးမြှပ်နှံမှုများ အတွက် မိမိတို့ဝန်ကြီးဌာနသည် အဓိကကျပါကြောင်း၊ ၄င်းအပြင် ပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရန်နှင့် လိုချင်သလောက် ဓာတ်အားကို ပေးနိုင်သည့် အဖွဲ့အစည်းမျိုးဖြစ်ရေး ပြောင်းလဲဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် တာဝန်ယူမှု တာဝန်ခံမှု အပြည့်နှင့် မိမိဝန်ကြီးဌာန၏ ရည်မှန်းချက်အောင်မြင်အောင် စေတနာထား၍ ဝိုင်းဝန်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့်  ပြည်သူလူထုအတွက် ဝန်ဆောင်မှုကောင်း၍ အရည်အသွေးပြည့်ဝပြီး ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်သည့် Standard Operating Procedure (SOP) များရှိပြီးဖြစ်၍ ၄င်း(SOP) များအတိုင်း လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုအခါ လိုအပ်ချက်များအပေါ် တွေ့မြင်နေပြီ ဖြစ်သည့်အတွက် ၎င်းအားနည်းချက်များအပေါ် အမြန်ဆုံးပြုပြင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားပါသည်။

 ၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ များမှ မိမိတို့မြို့နယ်အလိုက် မီးသုံးစွဲသူဦးရေ၊ ဓာတ်အားပြတ်တောက်မှု၊ နှစ်အလိုက်ဓာတ်အားတိုးတက် သုံးစွဲလာမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းရေးအတွက် ဆောင်ရွက်မည့် အစီအမံများကို အသီးသီး ရှင်းလင်းတင်ပြရာ မြောက်ပိုင်းခရိုင် လျှပ်စစ်မန်နေဂျာ(စီမံ)မှ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပြီး ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ် နှင့် ဥက္ကဌတို့မှ မြို့နယ်များအလိုက် သုံးသပ်ဆွေးနွေး တင်ပြခဲ့ကာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့်  ဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှ မြောက်ပိုင်းခရိုင်အတွင်း ဆက်လက်ဆောင်ရွက်မည့် ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ၄င်းနောက် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များအပေါ် ဆက်လက်ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များကို ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ပါသည်။  

 တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်ပြောကြားရာ၌  ယခင်ပြုလုပ်ခဲ့သည့် အစည်းအဝေးများ၌ တင်ပြခဲ့သည့် မြို့နယ်အလိုက် ဓာတ်အားပျောက်ဆုံးမှုနှင့် ယခုအစည်းအဝေး၌ တင်ပြသည့် ဓာတ်အားပျောက်ဆုံးမှုများကို နှိုင်းယှဉ်ပါက လျော့နည်းကျဆင်းသွားမှုများ ရှိသော်လည်း မိမိတို့၏ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ လုပ်ငန်းစဉ်ဆောင်ရွက်ရာ၌ ရလဒ်(results) ရရှိအောင် ရည်မှန်းဆောင်ရွက်ရန် မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်မည့် လုပ်ငန်းများ အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အဆင့်ဆင့် ရည်မှန်းချက်ထား ဆောင်ရွက်ရန်လိုအပ်ကြောင်း နှင့် ဆောင်ရွက်စဉ် လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေးတို့ကို အလေးထားလိုက်နာ ဆောင်ရွက်သွားရန် တို့အား လမ်းညွှန်မှာကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
22-Dec-2018