The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၂၅-၃-၂၀၁၉) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၅၅၄.၄) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၉၃၆၅.၀) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း၏ ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် C1-W6 ၊ ပဲခူးတိုင်းဒေသကြီး (အနောက်) C1-W7 ၊ ဧရာဝတီတိုင်းဒေသကြီး C1-W8 နှင့် မန္တလေးတိုင်းဒေသကြီး C1-W9 တို့အတွက် တည်ဆောက်ရေးလုပ်ငန်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီ (၇) ခုတို့အကြား တည်ဆောက်ရေးလုပ်ငန်းအပ်နှံသည့်စာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ         ၂၆.၃.၂၀၁၉ ရက်နေ့ ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ စက်ရုံများ၏ ထုတ်ကုန်ပစ္စည်းများ၏ နေ့စဉ်ရောင်းဈေးနှုန်းများ    

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ မြင်းခြံသံမဏိစက်ရုံအနီးရှိ ၉၀ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်သုံးဓာတ်အားပေးစက်ရုံဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၀၁၉ ခုနှစ်၊ မတ်လ () ရက်

            လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နှစ်အလိုက်တိုးတက်သုံးစွဲလာမည့် လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ ယခုနှစ်နွေရာသီတွင် တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ မြင်းခြံသံမဏိစက်ရုံအနီးတွင် ​ဟောင်ကောင်အခြေစိုက်ကုမ္ပဏီဖြစ်သော VPower Holdings Limited နှင့် ၎င်းတို့၏ Local Partner ဖြစ်သော Zeya & Associates Co., Ltd က Independent Power Producer (IPP), Build - Operate - Own (BOO) စနစ်ဖြင့် အကောင်ထည်ဖော်တည်ဆောက်ခဲ့သည့် ၉၀ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်သုံး ဓာတ်အားပေးစက်ရုံဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ ၃ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် အဆိုပါဓာတ်အားပေးစက်ရုံ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

            အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်၊ မန္တလေးတိုင်းဒေသကြီးလျှပ်စစ်၊ စက်မှုနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ မန္တလေးတိုင်းဒေသကြီး စက်မှု၊ စွမ်းအင်နှင့် လျှပ်စစ် ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ဝင်း၊ မြင်းခြံနှင့် တောင်သာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ VPower Holdings Limited နှင့် Local Partner Zeya & Associates Co., Ltd မှ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

            ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို ပြည့်ဝစွာဖြည့်ဆည်းပေးနိုင်ရန် ရည်မှန်းချက်ထားဆောင်ရွက်လျက် ရှိပါကြောင်း၊ တစ်နိုင်ငံလုံးအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရာတွင် Reliable Power ဖြစ်ရန်အတွက် အရင်းအမြစ် မျိုးစုံပါဝင်သည့် Proper Generation Mix ဖြစ်ရန် အဓိကကျပါကြောင်း၊ လက်ရှိမြန်မာနိုင်၏ Generation Mix မှာ ရေအားနှင့် ပြည်တွင်းထွက် သဘာဝဓာတ်ငွေ့ဖြင့်သာ ဆောင်ရွက်လျက်ရှိပြီး အနာဂတ်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် LNG သုံးဓာတ်အားပေး စက်ရုံများဖြင့် ဓာတ်အားတိုးမြှင့် ထုတ်လုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြင်းခြံ ၉၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ စီမံကိန်းသည် ပြည်တွင်းထွက် သဘာဝဓာတ်ငွေ့ဖြစ်သော ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ တစ်ရက် ကုဗပေ ၂၀ သန်းကို အသုံးပြု၍ ယခုနှစ်နွေရာသီတွင် တိုးတက်သုံးစွဲလာမည့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အချိန်တိုအတွင်း ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ် ၍ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ International Competitive Tender စနစ် ဖြင့် တင်ဒါခေါ်ဆို၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ တင်ဒါအောင်မြင်သည့် ဟောင်ကောင် အခြေစိုက်ကုမ္ပဏီဖြစ်သော VPower Holdings Limited နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတို့အကြား ၅ နှစ် တဆက်တစပ်တည်း ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ်ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ပါကြောင်း၊ ဓာတ်အားပေးစက်ရုံ၏ စက်တပ်ဆင်အင်အားမှာ Containerized High Speed ၁.၅၆ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်အသစ် ၇၀ လုံးဖြင့် စုစုပေါင်း ၁၀၉.၂ မဂ္ဂါဝပ်ဖြစ်ပြီး၊ နွေရာသီတွင် ၉၀ မဂ္ဂါဝပ် နှင့် မိုးရာသီတွင် ၄၅ မဂ္ဂါဝပ် ဓာတ်အား ထုတ်လုပ်သွားမည်ဖြစ်ပါ ကြောင်း၊ မြင်းခြံ ၉၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံတွင် ဓာတ်ငွေ့အင်ဂျင်များ၏ စွန့်ပစ်အပူဖြင့် ဓာတ်အားထုတ်မည့် Organic Rankine Cycle (ORC) နည်းပညာကို အသုံးပြု၍ ဓာတ်ငွေ့ အင်ဂျင်စက်များ၏ စက်စွမ်းရည် (Efficiency) ကို ၂ ရာခိုင်နှုန်းထိ မြှင့်တင်ထားသောကြောင့် ဓာတ်ငွေ့စားနှုန်း လျော့ကျသွားပါကြောင်း၊ စမ်းသပ်မောင်းနှင်ခြင်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီးနောက် ဓာတ်အားပေးစက်ရုံကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ စီးပွားဖြစ် ဓာတ်အားထုတ်မောင်းနှင်ခဲ့ပြီး လက်ရှိအချိန်အတွင် ၉၀ မဂ္ဂါဝပ် ဓာတ်အားထုတ် ပေးလျက်ရှိပါကြောင်း၊ ၎င်းဓာတ်အားပေးစက်ရုံမှ ဓာတ်အားကို မြင်းခြံ ၁၃၂ ကေဗွီ ဓာတ်အား ခွဲရုံမှတဆင့် မြင်းခြံမြို့နယ်၊ တောင်သာမြို့နယ်၊ နွားထိုးကြီးမြို့နယ်နှင့် ပုဂံညောင်ဦး မြို့နယ် များရှိ အများပြည်သူများနှင့် စက်မှုလက်မှုလုပ်ငန်းများသို့လည်းကောင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြစ်ရေတင် စီမံကိန်းများနှင့် မြို့သာစက်မှုဇုန်သို့လည်းကောင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူး ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် နိုင်ငံတော်ဓာတ်အားစနစ်နှင့်ချိတ်ဆက်၍ ဓာတ်အားထုတ်လုပ် သည့် စက်ရုံဖြစ်သောကြောင့် ဓာတ်အားစနစ်မှ ဓာတ်အားရရှိသည့်ဒေသများမှ ပြည်သူများ အကျိုးမျှဝေ ခံစားရမည်ဖြစ်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိပါကြောင်းနှင့် ပြည်တွင်းထွက် ရွှေကမ်းလွန်ဓာတ်ငွေ့ကို အသုံးပြု၍ ကျောက်ဖြူ၊ မြင်းခြံနှင့် ကျောက်ဆည်ဒေသများတွင် ဓာတ်အားထုတ်လုပ်လျက်ရှိရာ ယနေ့ ဖွင့်လှစ်သော ၉၀ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံကို ထည့်သွင်းတွက်ချက်ပါက မြင်းခြံဒေသတွင် ရွှေကမ်းလွန်ဓာတ်ငွေ့ဖြင့် စုစုပေါင်းဓာတ်အားပမာဏ ၃၈၂ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ပြီဖြစ်သော ကြောင့် မြန်မာနိုင်ငံ၏ အချက်အချာကျသော ဓာတ်အားထုတ်လုပ်ရာ ဒေသဖြစ်လာပြီ ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၅ ခုနှစ်တွင် Residential ၂၀၂.၇ မဂ္ဂါဝပ်၊ Commercial ၃၄.၃ မဂ္ဂါဝပ်၊ Industrial ၁၆၇ မဂ္ဂါဝပ်၊ စုစုပေါင်း ၄၀၄ မဂ္ဂါဝပ်ခန့်သာ သုံးစွဲနိုင်ခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် Residential ၃၀၇.၉ မဂ္ဂါဝပ်၊ Commercial ၅၂ မဂ္ဂါဝပ်၊ Industrial ၂၅၄.၁ မဂ္ဂါဝပ်၊ စုစုပေါင်း ၆၁၄ မဂ္ဂါဝပ်အထိ တိုးတက်သုံးစွဲလာနိုင်ခဲ့ပါကြောင်း၊ လက်ရှိ မန္တလေးတိုင်းဒေသကြီး ခရိုင် (၇) ခုအတွင်းရှိ မြို့ (၃၀)၊ ကျေးရွာပေါင်း (၄၇၉၉)ရွာ ရှိသည့်အနက် (၃၅၅၆)ရွာ လျှပ်စစ်ဓာတ်အားတွေ ရရှိသုံးစွဲနေကြပြီဖြစ်ပါကြောင်း၊ ကျန်ရှိသည့် ကျေးရွာများအနက် ကျေးရွာပေါင်း ၇၀ ဓာတ်အားရရှိရေးကို ပြည်ထောင်စုဘဏ္ဍာငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာငွေ၊ World Bank ၊ ADB ၊ JICA စသည့် အဖွဲ့အစည်း များ၏ ချေးငွေများဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပါကြောင်း၊ ယခုလက်ရှိ မန္တလေးတိုင်းဒေသကြီးအတွင်း အိမ်ထောင်စု ပေါင်း (၁,၃၂၃,၁၉၁) ရှိသည့်အနက် အိမ်ထောင်စုပေါင်း (၇၇၁,၃၇၄) (၅၈%) ခန့် ဓာတ်အား စနစ်မှ ဓာတ်အားရရှိ သုံးစွဲလျက်ရှိပြီး ၂၀၂၀-၂၀၂၁ ခုနှစ်တွင် (၆၅%) ခန့်သို့လည်းကောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် (၇၅%) အထက်သို့လည်းကောင်း၊ ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောက်ဆည်မြို့၊ ဘဲလင်းဒေသတွင် (၁၄၅)မဂ္ဂါဝပ် ထွက်ရှိမည့် သဘာဝဓာတ်ငွေ့သုံး Gas Engine စက်ရုံကို တည်ဆောက်လျက်ရှိပြီး ၂၀၁၉ ခုနှစ်၊ မတ်လအတွင်း ပြီးစီးအောင် ဆောင်ရွက်ကာ လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ပေးတော့မည် ဖြစ်ပါကြောင်း၊ ထို့အပြင် မြင်းခြံရှိ (၂၂၅)မဂ္ဂါဝပ်ထွက်ရှိသည့် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ် အပူသုံးဓာတ်အားပေးစက်ရုံ (Gas Turbine and Combine Cycle Power Plant - CCGT) ကိုလည်း တည်‌ဆောက်မောင်းနှင်လျက်ရှိရာ ထွက်ရှိလာသော ဓာတ်အားများကို နိုင်ငံတော် ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်ပို့လွှတ်လျက်ရှိပြီး ဓာတ်အားပို့လွှတ်မှုစနစ် တောင့်တင်းခိုင်မာ စေရန်အတွက် ၂၃၀ ကေဗွီ မြင်းခြံ - မိတ္ထီလာ - တောင်တွင်းကြီး ဓာတ်အားလိုင်းစီမံကိန်းကို လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊  ထို့အပြင် မန္တလေးတိုင်းဒေသကြီး အတွင်း မြန်မာနိုင်ငံဓာတ်အားစနစ်၏ ပထမဆုံးဖြစ်သည့် ၅၀၀ ကေဗွီ ဓာတ်အားလိုင်းကို ဆာဗီယားနိုင်ငံ ချေးငွေဖြင့်လည်းကောင်း၊ ကံကောင်း(မိတ္ထီလာ)တွင် ၅၀၀ ကေဗွီ ဓာတ်အား ခွဲရုံကြီးကို JICA ချေးငွေတို့ဖြင့် အကောင်အထည်ဖော် တည်ဆောက်သွားမည် ဖြစ်ပါကြောင်း၊ ဓာတ်အားပေးစက်ရုံအများစုသည် မြန်မာနိုင်ငံမြောက်ပိုင်းတွင်တည်ရှိပြီး အဆိုပါဓာတ်အားပေး စက်ရုံများမှ ထုတ်လုပ်လျက်ရှိသော ဓာတ်အားများကို ဓာတ်အားသုံးစွဲသူ အများအပြားရှိရာ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများကို ဓာတ်အားဖြန့်ဖြူးပေးပို့ရာတွင် ယခင်က ၂၃၀ ကေဗွီ ဗို့အားအဆင့်ဖြင့် ပို့လွှတ်ဖြန့်ဖြူးပေးခဲ့သည့်အတွက် ဓာတ်အားလိုင်းများ ဝန်အား ပြည့်နေခြင်းနှင့် ဓာတ်အားလိုင်းတစ်လိုင်း အပြစ်ဖြစ်ပွားလျှင် System Breakdown ဖြစ်ပွားခြင်းစသည့့် အားနည်းချက်များ ဖြစ်ပေါ်နေသည့်အတွက် ပင်မကျောရိုးဓာတ်အားလိုင်း (Back Bone) အနေဖြင့် ၅၀၀ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းများကို ဦးစားပေးအဆင့်များခွဲပြီး တည်ဆောက်လျက်ရှိပါကြောင်း၊ အဆိုပါ ၅၀၀ ကေဗွီ ဓာတ်အား လိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းများ ဆောင်ရွက်ပြီးစီးသွားပါက နိုင်ငံတော်ဓာတ်အားစနစ် ပိုမို တည်ငြိမ်လာမည်ဖြစ်သည့်အပြင် ဓာတ်အားပိုမိုပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း ၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးက ပြည်သူများ လျှပ်စစ်ဓာတ်အားကို မဟာဓာတ်အားလိုင်းမှ ရရှိသုံးစွဲနိုင်ပြီး လူမှုစီးပွားဘဝ တိုးတက်မြင့်မား လာစေရေး၊  စိုက်ပျိုးရေးအခြေခံ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဝင်ငွေများတိုးတက်ရေးတို့ကို အထူးအလေးထား ပြီး တစ်စိုက်မတ်မတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လက်ရှိအနေအထားအရ မြန်မာ နိုင်ငံတွင် နှစ်စဉ်ဓာတ်အား တိုးတက်သုံးစွဲမှုမှာ (၁၉%) အထိ တိုးတက်သုံးစွဲလာသည့်အတွက် နှစ်အလိုက် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် (၃၉၄) မဂ္ဂါဝပ်၊ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် (၄၅၀) မဂ္ဂါဝပ်၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် (၁,၇၁၂) မဂ္ဂါဝပ်၊ စုစုပေါင်း (၂၅၅၆) မဂ္ဂါဝပ်ကို ထပ်မံထုတ်လုပ်ပေးနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း (၁၀.၈၇၇) သန်းရှိရာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအထိ အိမ်ထောင်စုပေါင်း ၄.၅၉ သန်း (၄၃%) ခန့် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိခဲ့ပြီးဖြစ်ရာ ၆.၂၈၇ သန်း (၅၇%) ခန့်အား ဓာတ်အားစနစ်မှ လျှပ်စစ် ဓာတ်အားရရှိရန် ကျန်ရှိနေပါကြောင်း၊ ၎င်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် မိမိ ဝန်ကြီးဌာနအနေဖြင့် ပြည်ပချေးငွေများရယူခြင်းအပါအဝင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ ဘဏ္ဍာရန်ပုံငွေများသုံးစွဲပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ မတ်လတွင် တစ်နိုင်ငံလုံး အိမ်ထောင်စုအားလုံး၏ ၅၅% ခန့်အား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံအကျဆုံးသည် လျှပ်စစ်ဓာတ်အားဖြစ်သည်နှင့်အညီ နိုင်ငံတော်အနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိ လာသည်နှင့်အမျှ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအစရှိသည့် ကဏ္ဍအားလုံး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သော ကြောင့် ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများအပေါ် ပြည်သူတစ်ရပ်လုံးမှလည်း အားသွန်ခွန်စိုက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့ပါသည်။

            ထို့နောက် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်မှ ၉၀ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်သုံးဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနား နှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး VPower Holdings Limited က ဓာတ်အားပေးစက်ရုံ စီမံကိန်းလုပ်ငန်းဆောင်ရွက်ခဲ့မှု ဗွီဒီယိုရုပ်သံမှတ်တမ်းအား ပြသခဲ့ကာ မြင်းခြံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့မှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါသည်။

            ၎င်းနောက် ၉၀ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်သုံးဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအထိမ်းအမှတ် ဖဲကြိုးအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ မန္တလေးတိုင်း ဒေသကြီး စက်မှု၊ စွမ်းအင်နှင့်လျှပ်စစ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ဝင်း၊ မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ မြင်းခြံမြို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်နှင့် မြင်းခြံမြို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးလတ်၊ VPower Holdings Limited ၏ Co-Chief Executive Officer၊ Mr. Au-Yeung Tai Hong Rorce နှင့် Zeya & Associates Co., Ltd ၏ Chief Executive Officer ဦးဇေယျသူရမွန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးတို့မှ ဓာတ်ငွေ့အင်ဂျင်စက်ကို စက်ခလုပ်နှိပ်၍ မောင်းနှင်ပေးခဲ့ပြီး ဓာတ်အားပေးစက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

            ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ မတ်လ(၂)ရက်နေ့၊ ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ရွှေစာရံပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ   တာဝန်ရှိသူများမှ ၂၃၀/၃၃/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ ထရန်စဖော်မာ တိုးချဲ့တည်ဆောက်ခြင်း နှင့် ဒေသတွင်း အကြီးစားစက်မှုလုပ်ငန်းတွင် အသုံးပြုရန် ၂၃၀/၃၃/၁၁ကေဗွီ ၊ ၁၅၀အမ်ဗွီအေ တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကျော်မှ ဖြည့်စွက် ရှင်းလင်းတင်ပြပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ လုပ်ငန်းလိုအပ်ချက် များအား မှာကြားခဲ့ပြီး Switch Yard အတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

          ထို့နောက် ရှင်းလင်းဆောင်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ခွဲရုံမှူးမှ ဓာတ်အား ခွဲရုံဆိုင်ရာအချက်အလက်များ၊ ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေများအား ရှင်းလင်း တင်ပြရာ  လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ညွှန်ကြားရေးမှူးချုပ်တို့မှ ဖြည့်စွက်ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားခွဲရုံ ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးအတွက် ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံသုံးပစ္စည်းများအား စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရေး၊ ဓာတ်အား ပြတ်တောက်မှု ဖြစ်ပေါ်နိုင်သည့်အခြေအနေတို့မှ ကာကွယ်နိုင်ရေး ကြိုတင်စီမံဆောင်ရွက် သွားရေးတို့အား လမ်းညွှန်မှာကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
03-Mar-2019