The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မော်လမြိုင်-သံဖြူဇရပ် ဓာတ်အားလိုင်းနှင့် သံဖြူဇရပ် ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားနှင့် သထုံမြို့ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံဖွင့်ပွဲအခမ်းအနားတို့သို့ တက်ရောက် အမှာစကားပြောကြား

မော်လမြိုင် ဧပြီလ ၅ ရက်

            မွန်ပြည်နယ် မော်လမြိုင်မြို့၌ ရောက်ရှိနေသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ၆၆ ကေဗွီ မော်လမြိုင်-သံဖြူဇရပ် ဓာတ်အားလိုင်း ၄၀ ဒသမ ၄၈ မိုင်နှင့် ၆၆/၃၃ ကေဗွီ၊ ၂၀ အမ်ဗွီအေ သံဖြူဇရပ် ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။

            အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

            အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လျှပ်စစ်ဓာတ်အားသည် မိမိတို့နိုင်ငံတစ်နိုင်ငံလုံးအတွက် လိုအပ်ချက်ဖြစ်ပါကြောင်း၊ ယခုအချိန်အထိ လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်း မပြည့်သေးပါကြောင်း၊ သို့သော် မိမိတို့၏အိမ်နီးနားချင်း နိုင်ငံတော်တော် များများတွင် ၈၀ ရာခိုင်နှုန်းကျော်၊ ၉၀ ရာခိုင်နှုန်းကျော်၊ ၁၀၀ ရာနှုန်းပြည့် စသည်ဖြင့် လျှပ်စစ်ဓာတ်အား လုံလောက်နေသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံသည် ပို၍ကြိုးစားရန်လိုအပ်ပြီး မိမိတို့အတွက် လျှပ်စစ်ဓာတ်အားသည် အင်မတန်အရေးကြီးသည့်ကိစ္စရပ် တစ်ခု ဖြစ်နေပါကြောင်း။

            ယခုဆိုလျှင် လျှပ်စစ်ဓာတ်အားလိုင်းအသစ်များ ဖွင့်လှစ်ခြင်း၊ ဓာတ်အားခွဲရုံအသစ်များ ဖွင့်လှစ်ခြင်းသည် ပြည်သူလူထု၏ ဘ၀ တိုးတက်ရေးအတွက်ဖြစ်သည်ဟု ယူဆပါကြောင်း၊ ဘဝတိုးတက်ရေးအတွက်ဆိုသည်မှာ စီးပွားရေးသာမဟုတ်ဘဲ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အား ရရှိရေးပါဝင်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိမှုသည် စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေး စသည်တို့ကို အထောက်အကူပြု ပါကြောင်း၊ မိမိတို့နိုင်ငံသည် ရှေ့သို့တစ်လှမ်းချင်း သွားနေသည်ဆိုသည်ကို ပြသနေခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အား ရရှိမှုမှာ တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းပင် မပြည့်သေးပါကြောင်း၊ သို့သော် ယခုနှစ် မကုန်မီ ၅၀ ရာခိုင်နှုန်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဟု မိမိတို့ မျှော်လင့်ပါကြောင်း။

            ယနေ့ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်း ဖွင့်လှစ်ပြီးနောက် မွန်ပြည်နယ်အတွင်း လျှပ်စစ်မီးရရှိလာမည့် အိမ်ထောင်စုပေါင်း ၂၂၀၀၀၀ ရှိလာမည်ဖြစ်ပါကြောင်း၊ မွန်ပြည်နယ်အတွင်းတွင် လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် ဖြန့်ဖြူးနိုင်ရေး အတွက် ၂၃၀ ကေဗွီ မော်လမြိုင်-ခရုံဂူ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတိုးချဲ့ခြင်းလုပ်ငန်း၊ ၅၀၀ ကေဗွီ ဘုရားကြီး-ကန်ပေါက်-မော်လမြိုင် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်း၊ ၂၃၀ ကေဗွီ မော်လမြိုင်-ရေး-ထားဝယ် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်း ၊ ၂၃၀ ကေဗွီ ထားဝယ်-မြိတ် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်း ၊ ၆၆ ကေဗွီ မြိတ်-တနင်္သာရီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေသည်ကို ပြည်သူများသိရှိမည်ဆိုပါက ဝမ်းသာလိမ့်မည်ဟု မျှော်လင့်ပါကြောင်း။

            မိမိတို့အနေဖြင့် တစ်နိုင်ငံလုံးတွင် ဖြန့်၍လုပ်ကိုင်နေရခြင်း ဖြစ်ပါကြောင်း၊ တစ်နေရာတည်းတွင် လုပ်နေခြင်း မဟုတ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် တစ်နေရာတည်းတွင် အောင်မြင်မှုဖြစ်သော်လည်း တစ်တိုင်းပြည်လုံး အတွက် အောင်မြင်မှုဖြစ်သည်ဟု ယူဆစေချင်ပါကြောင်း၊ မော်လမြိုင်၊ သထုံ၊ သံဖြူဇရပ်နေရာများတွင် တိုင်းရင်းသား ပေါင်းစုံနေထိုင်ပါကြောင်း၊ မွန်တိုင်းရင်းသားများသာမက ကရင်တိုင်းရင်းသားများ၊ ပအိုဝ်းတိုင်းရင်းသားများ၊ ဗမာတိုင်းရင်းသားများရှိပါကြောင်း၊ နေရာတစ်နေရာတွင် ဓာတ်အားခွဲရုံတစ်ခု၊ လိုင်းတစ်ခုဖွင့် လိုက်ခြင်းသည် မိမိတို့ ပြည်ထောင်စုသား အားလုံးအတွက် တိုးတက်မှုတစ်ခုဟု ယူဆပါကြောင်း၊ ထိုသို့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာသည်နှင့် အတူ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုများကိုလည်း မျှော်လင့်ပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာဆိုသည်မှာ ပထမအနေဖြင့် ပြည်ထောင်စု စိတ်ဓာတ်ကို ဆိုလိုခြင်းဖြစ်ပါကြောင်း၊ ဒုတိယအနေဖြင့် အချင်းချင်းမေတ္တာစေတနာ ထားနိုင်သည့် စိတ်ဓာတ်များကို ဆိုလိုခြင်းဖြစ်ပါကြောင်း။

            ယခု ဓာတ်အားလိုင်းသည် မော်လမြိုင်၊ သံဖြူဇရပ် ဓာတ်အားလိုင်းဖြစ်ပါကြောင်း၊ သံဖြူဇရပ်သည် ဒုတိယကမ္ဘာစစ်နှင့် ပတ်သက်၍ နာမည်ကြီးသည့် နေရာတစ်ခုဖြစ်ပါကြောင်း၊ သံဖြူဇရပ်သည် ဒုတိယ ကမ္ဘာစစ်အတွင်း အနိဋ္ဌာရုံများ၏ သင်္ကေတနေရာ တစ်ခုကဲ့သို့ဖြစ်နေပါကြောင်း၊ ဒုတိယကမ္ဘာစစ်က ကျဆုံးခဲ့သည့် မဟာမိတ်တပ်သားများ၏ စစ်သင်္ချိုင်း ရှိပါကြောင်း၊ အချို့စစ်သည်များ၏ ဂူဗိမာန်များကို ၎င်းတို့၏မိသားစုများက ပုံမှန်ထိန်းသိမ်းသည့်သူများသို့ နှစ်စဉ်နှစ်တိုင်း ငွေကြေးပေးပို့ပြီး မိမိတို့၏သား၊ ခင်ပွန်း၊ ညီအစ်ကို မောင်နှမများ၏ ဂူသင်္ချိုင်းများပေါ်တွင် သတိရသောအားဖြင့် ပန်းများ၊ ပန်းကုံးများ အမှတ်တရချပေးခြင်း စသည်ဖြင့် ဆက်လက်ဆောင်ရွက်နေသည် ကို တွေ့ရပါကြောင်း၊ လူသားများ၏ မေတ္တာ စေတနာများကို ပြသခြင်းဖြစ်ပါကြောင်း၊ လူသားများ၏ လောဘ၊ ဒေါသ၊ မောဟများကြောင့် စစ်များ ဖြစ်ခဲ့ပြီး စစ်မီးများလည်း ပွားခဲ့ပါကြောင်း၊ လူသားများ၏ မေတ္တာစေတနာများဖြင့် စစ်မီးများကို ငြိမ်းအောင်လုပ်နိုင်ပါကြောင်း။

            မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရစဉ်ကတည်းက လုံးဝစစ်မီးငြိမ်းသည်ဟု မရှိခဲ့ပါကြောင်း၊ ပြည်တွင်းစစ်နှင့် လွတ်လပ်ရေး သည် တစ်နေ့တည်းကဲ့သို့ ပေါက်ဖွားလာခဲ့ပါကြောင်း၊ သို့သော် ယခုတွင် တစ်နိုင်ငံလုံး ငြိမ်းချမ်းရန်အတွက် ပြည်သူ ပြည်သားများသည် မည်သည့်နေရာတွင် ရောက်သည်ဖြစ်စေ၊ မည်သည့်အလုပ် လုပ်သည်ဖြစ်စေ ငြိမ်းငြိမ်းချမ်းချမ်းနှင့် လုပ်နိုင်သည်ဆိုသည့် ယုံကြည်မှုရှိရန် ကြိုးစားနေပါကြောင်း၊ ထိုသို့ကြိုးစားရာတွင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အဘက်ဘက်မှ လုပ်ရပါကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ခုသည် ငြိမ်းချမ်းရေးတစ်ခုတည်း ဦးတည်၍ မရပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဦးတည်ရပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးရှိမှသာ ငြိမ်းချမ်းရေးကို ခိုင်မာအောင် လုပ်နိုင်မည် ဖြစ်ပါကြောင်း။

            ယမန်နှစ်က မွန်ပြည်သစ်ပါတီက NCA ကို လက်မှတ်ရေးထိုးသည့် အတွက် ဝမ်းမြောက်ရပါကြောင်း၊ အဖွဲ့တစ်ဖွဲ့ တိုးတိုးလာသည်နှင့်အမျှ ငြိမ်းချမ်းရေး ရနိုင်ကိန်းသည် တိုးတိုးလာသည်ဟု သတ်မှတ်ပါကြောင်း၊ ထို့ကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အားလုံးတိုးတက်အောင် လုပ်သည့်နေရာတွင် လျှပ်စစ်ဓာတ်အား ရရှိရေးသည်လည်း သူ့ကဏ္ဍနှင့်သူ အလွန်အရေးကြီးပါကြောင်း၊ ရုပ်ပိုင်းဆိုင်ရာအရ အမှောင်ထဲမှ အလင်းကို လွယ်လွယ်ကူကူ ရောက်နိုင်သည့် အနေအထားဖြစ်ပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာလည်း ထိုသို့ ဖြစ်စေလိုပါကြောင်း၊ အမှောင်ထဲမှ အလင်းသို့ ရောက်ရန်အတွက် ပြည်ထောင်စုသား သမီးအားလုံး တစ်ဦးချင်းတွင် တာဝန်ရှိပါကြောင်း၊ စိတ်ဓာတ်ထားတတ်မှသာ အမှောင်ထဲမှ အလင်းသို့ ရောက်ရှိမည်ဖြစ်ပါကြောင်း၊ အမှောင်ထဲမှ အလင်းကို တစ်ယောက်ချင်းက ရောက်လိုသည့် စိတ်ဓာတ်ရှိမှသာ ရောက်မည်ဖြစ်ပါကြောင်း၊ အားလုံးပူးပေါင်းဆောင်ရွက် အတူလက်တွဲပြီး တိုးတက်သည့်လမ်းကို လျှောက်ရန် သိန္နိဋ္ဌာန်ချရန် အလွန်အရေးကြီးပါကြောင်း၊ ခွဲခြားစိတ်၊ ပြိုင်လိုသည့် စိတ်မဟုတ်ဘဲ တစ်ဦးအပေါ်တစ်ဦး အာဃာတစိတ်၊ ဒေါသစိတ်မထားဘဲ စေတနာ၊ မေတ္တာစိတ်ဖြင့် အတူတူတိုးတက်ကြမည် အတူတူ ဆက်လက်ချီတက် ကြမည့် အတူတူပြည်ထောင်စုကို ထူထောင်သွားကြမည်ဆိုသည့် စိတ်ဓာတ်ကို ခိုင်မာအောင်လုပ်နိုင်မည်ဆိုပါက စိတ်ချင်း ဆက်သွယ်ထားသည့် အလင်းရောင်လှိုင်းကြီး ဖြစ်သွားမည်ဖြစ်ပါကြောင်း။

            ထို့ကြောင့် မွန်ပြည်နယ်တွင် စက်ရုံတစ်ခု ဖွင့်သည့်အခါ တိုင်းရင်းသားတစ်စု တစ်ဖွဲ့အတွက် မဟုတ်ဘဲ တိုင်းရင်းသား အများစုအတွက်ဆိုသည့် အသိစိတ်ဖြင့် အင်မတန်ဝမ်းသာ ရပါကြောင်း၊ မိမိတို့ခေတ်တွင် မိမိတို့မျိုးဆက်များ တာဝန်ကျေပါက နောင်ခေတ်တွင် နောင်မျိုးဆက်သစ်များ၏ အခြေအနေသည် မိမိတို့ထက်များစွာ တိုးတက်သည့် အခြေအနေတွင် ရှိရန်လိုပါကြောင်း၊ အနာဂတ်အတွက် လုပ်ရန်ဆိုပါက အားလုံးကပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြည်သူလူထု၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အစိုးရ၊ ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်၊ တရားရေးဆိုင်ရာ တရာရေးမဏ္ဍိုင် စသည့်မဏ္ဍိုင်ကြီး ၃ ရပ်နှင့် ပြည်သူလူထုသည်အတူ လက်တွဲ၍ တက်ညီလက်ညီ လုပ်မှသာ မိမိတို့နိုင်ငံသည် မြန်မြန်ဆန်ဆန် တိုးတက်လာမည် ဖြစ်ပါကြောင်း။

            မိမိတို့နိုင်ငံ၏ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ရေးသည် စိတ်ပိုင်းဆိုင်ရာအတွက် အလွန်အရေးကြီးပါကြောင်း၊ ထိုနှစ်ခုကို ခွဲခြားရှုမြင်၍ မရပါကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတစ်ခုအတွက် အားလုံးဝိုင်းဝန်းပြီး အခမ်းအနားဖြင့်ကြိုဆိုသည့် အချိန်တွင် စိတ်ပိုင်းဆိုင်ရာ ပို၍တိုးတက်ရန်အတွက် တစ်ယောက်အပေါ်တစ်ယောက် စေတနာထားတတ်ရန်၊ ပူးပေါင်းဆောင်ရွက်နိုင်သည့်စိတ်ဓာတ်များ အင်အားမြင့်လာရန် လုပ်ဆောင်ကြပါစို့ဟု တိုက်တွန်းပါကြောင်း ပြောကြားသည်။

            ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေကို ရှင်းလင်းတင်ပြသည်။

            ယင်းနောက် ဒေသခံပြည်သူများကိုယ်စား သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းက ကျေးဇူးတင်စကား ပြောကြားသည်။

            ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိ၊ ပြည်နယ်အဖွဲ့ဝန်ကြီး ဦးဝဏ္ဏကျော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်သောင်းညွန့်၊ ဦးဉာဏ်ဟိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်နှင့် ဒေါ်မြတ်သီတာထွန်းတို့က ၆၆ ကေဗွီ မော်လမြိုင်-သံဖြူဇရပ် ဓာတ်အားလိုင်းနှင့် ၆၆/၃၃ ကေဗွီ၊ ၂၀ အမ်ဗွီအေ သံဖြူဇရပ်ဓာတ်အားခွဲရုံကို ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးကြသည်။

            ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံ တိုင်းရင်းသားများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

            ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်တို့သည် စက်ခလုတ်နှိပ်၍ သံဖြူဇရပ် ဓာတ်အားခွဲရုံသို့ ဓာတ်အားပို့လွှတ်ပေးသည်။

            ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် လျှပ်စစ်ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကား ပြောကြားပြီး စက်ရုံအတွင်း ဓာတ်အားပေးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုသည်။

            ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် သထုံမြိုသို့ ရောက်ရှိပြီး ၁၁၈ ဒသမ ၉ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

            အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်သူလူထုအတွက် လျှပ်စစ်ဓာတ်အား ရရှိပြီဆိုပါက ခလုတ်တစ်ခုဖွင့်လိုက်သည်နှင့် အမှောင်ထဲမှ အလင်းဘက်သို့ ကူးပြောင်း၍ ရပါကြောင်း၊ ခလုပ်နှိပ်လိုက်သည်နှင့် လျှပ်စစ်မီးရရှိရေးအတွက် ဝိုင်းဝန်းလုပ်ဆောင်ကြရခြင်း ဖြစ်ပါကြောင်း၊ ကျွမ်းကျင်မှု၊ ငွေရေး၊ ကြေးရေးနှင့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုသည် အဓိကအရေးကြီးသည်ဟု ပြောလိုပါကြောင်း၊ မိမိတို့ နိုင်ငံသည် လွတ်လပ်ရေး ရပြီးသည့်အချိန်မှစ၍ န်ိုင်ငံခြားရေးမူဝါဒအဖြစ် တစ်ကမ္ဘာလုံးတွင်ရှိသည့် နိုင်ငံအားလုံးနှင့် ခင်ခင်မင်မင်၊ ရင်းရင်းနှီးနှီး အေးအေးချမ်းချမ်း နေထိုင်ရေးကို အထူးသတိပြုပြီး အားပေးခဲ့ပါကြောင်း၊ ဆက်လက်လုပ်ဆောင်သွားရန်လည်း ရည်ရွယ်ချက် ရှိပါကြောင်း၊ မိမိတို့နိုင်ငံသည် ကမ္ဘာကြီးအေးချမ်းသာယာရေးနှင့် ကမ္ဘာ့တိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ပံ့ပိုးပေးနိုင်သည့် နိုင်ငံဖြစ်စေလိုပါကြောင်း၊ မိမိတို့နိုင်ငံသူ နိုင်ငံသားများကလည်း ထိုနည်း၎င်း ဖြစ်စေချင်ကြပါကြောင်း။

            နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းရန် ဖွံ့ဖြိုးတိုးတက်မှုသည် အင်မတန်အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဝိုင်းဝန်း ပံ့ပိုးပေးသည့် အဖွဲ့အစည်းများနှင့် မိတ်ဆွေနိုင်ငံများကို ကျေးဇူတင်ရှိပါကြောင်း၊ ကျေးဇူးဆိုသည်မှာ လူတိုင်းလူတိုင်းမှာ ရှိသင့်သည့် ခံစားချက်တစ်ခုဖြစ်ပါကြောင်း၊ ကျေးဇူးတရားရှိမှသာလျှင် ကမ္ဘာ၏တန်ဖိုး မိမိတန်ဖိုးကို သိရှိမည်ဖြစ်ပါကြောင်း၊ တစ်ယောက်နှင့်တစ်ယောက်၏ တန်ဖိုးကို နားလည်မှသာ မိမိတန်ဖိုးကို မြှင့်တင်နိုင်မည့် အခြေအနေ ဖြစ်ပါကြောင်း။

            စီမံကိန်းတစ်ခုကို အောင်အောင်မြင်မြင် မိမိတို့အကောင်အထည် ဖော်နိုင်လိုက်ပြီဆိုလျှင် နောင်စီမံကိန်းများ ထပ်မံအကောင်အထည် ဖော်နိုင်ရန် အင်အားဖြည့်ပေးရာ ရောက်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ လျှပ်စစ်မီး ရရှိရေး လုပ်ငန်းခြေလှမ်းများသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ အရည်အချင်းများကို မြှင့်တင်ပေးရန် ဦးတည်လုပ်ဆောင်နေခြင်းဖြစ်ပါကြောင်း၊ ထိုသို့ဦးတည် လုပ်ဆောင်ရာတွင် အစိုးရ ပါဝင်ရမည်ဖြစ်ပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်ကြီး ၃ ခုသာမက ပြည်သူပြည်သားများ ပူးပေါင်းဆောင်ရွက်မှသာ မြန်မြန်ဆန်ဆန်နှင့် ထိထိရောက်ရောက် တိုးတက်နိုင်မည် ဖြစ်ပါကြောင်း။

            မွန်ပြည်နယ် သထုံတွင် လျှပ်စစ်ဓာတ်အား ရရှိခြင်းသည် တစ်နိုင်ငံလုံးအတွက် ဝမ်းသာစရာ ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အား မရသေးသည့် နေရာများတွင် လျှပ်စစ်ဓာတ်အားရရှိရေး မျှော်လင့်ချက်များ နီးလာပြီဆိုသည့် စိတ်ဓာတ်များ ဖြစ်ပွားစေမည် ဖြစ်ပါကြောင်း၊ တစ်နေရာ တိုးတက်မှု ရှိခြင်းသည် တစ်တိုင်းပြည်လုံး၏ တိုးတက်မှုပင်ဖြစ်ပါကြောင်း၊ တစ်တိုင်းပြည်လုံး တိုးတက်မှုရှိမှာသာ နေရာတိုင်းနေရာတိုင်းတွင် တိုးတက်မှုရှိမည် ဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း မိမိနိုင်ငံတိုးတက်မှုအတွက် မိမိတို့ကိုယ်တိုင် ကြိုးစားအားထုတ်ရန် အဓိကဖြစ်သည်ကို သတိပေးလိုပါကြောင်း၊ အခြားသူကို အားကိုးခြင်းထက် မိမိကိုယ်ကိုယ် အားကိုခြင်းသည် အကောင်းဆုံးဖြစ်ပါကြောင်း၊ မိမိတို့၏ စွမ်းရည်များကို မိမိတို့ကိုယ်တိုင် သေသေချာချာ ထိထိရောက်ရောက် သုံးနိုင်ပါမှ အခြားမှစွမ်းရည်များလည်း မိမိတို့ဆီသို့ ရောက်လာမည်ဟု ယုံကြည်ပါကြောင်း။

            နိုင်ငံ၏ အဓိကလိုအပ်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးကို အစိုးရအနေဖြင့် အထူးဂရုပြု ဆောင်ရွက် နေပါကြောင်း၊ ပြည်သူလူထု၏ အရည်အချင်းများ တစ်နေ့ထက်တစ်နေ့ ပိုပြီး တက်လာလိမ့်မည်ဟု ယုံကြည်သကဲ့သို့ နိုင်ငံ၏ဖွံ့ဖြိုးရေး အင်အားသည်လည်း တစ်နေ့ထက်တစ်နေ့ တက်လာမည်ဟု ယုံကြည်ပါကြောင်း၊ ယုံကြည်ချက်အတိုင်း ဝိုင်းဝန်း ပူးပေါင်းလက်တွဲ၍ ထမ်းဆောင်ပေးမည်ဟု မိမိအနေဖြင့် မျှော်လင့်ပါကြောင်း ပြောကြားသည်။

            ယင်းနောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ၁၁၈ ဒသမ ၉ မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံစီမံကိန်း ပေါ်ပေါက်လာပုံ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ဓာတ်အားပေးစက်ရုံ စမ်းသပ်မောင်းနှင်ခဲ့သည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

            ထို့နောက် ဒေသခံပြည်သူများကိုယ်စား သထုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ကျေးဇူးတင်စကား ပြောကြားသည်။

            ယင်းနောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ပြည်နယ်အဖွဲ့ဝန်ကြီး ဦးဝဏ္ဏကျော်၊ သထုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ်တို့က ၁၁၈ ဒသမ ၉ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

            ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံတိုင်းရင်းသား လူငယ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

            ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့က သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ကမ္ဗည်းကျောက်စာကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြပြီး အမွေးနံ့သာရည် ပက်ဖျန်းပေးကြသည်။

            ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက် ထားမှုအား မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှု ကြသည်။

            သထုံ ၁၁၈ ဒသမ ၉ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို အတိုးနှုန်း သက်သာသော ကမ္ဘာ့ဘဏ် IDA ချေးငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တည်ဆောက်ရေးကာလ (၃၆) လနှင့် အပြီးတည်ဆောက်ခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်တွင် နိုင်ငံတော် ဓာတ်အားစနစ်သို့ ပို့လွှတ်နိုင်ပြီဖြစ်ကြောင်း၊ သထုံစက်ရုံ ပတ်ဝန်းကျင်အနီးရှိ ကျေးရွာများမှ အိမ်ခြေ ၁၂၂၀ အထိ လျှပ်စစ်မီး တိုးတက်သုံးစွဲနိုင်ခဲ့ကြောင်း။

            နောင်တိုးတက်သုံးစွဲလာမည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်၏ ဓာတ်အားသုံးစွဲမှုများကို ဖြည့်ဆည်းနိုင်ရန် သထုံဒေသတွင် ၁၀၆ မဂ္ဂါဝပ် Combined Cycle Power Plant စီမံကိန်းကို ထပ်မံအကောင်အထည်ဖော်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် မွန်ပြည်နယ်အနေဖြင့် မြို့ (၁၄) မြို့၊ ကျေးရွာပေါင်း (၈၃၀)၊ အိမ်ထောင်စုပေါင်း (၂၁၆၂၈၃)၊ ၅၁ ဒသမ ၁၈ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားရရှိပြီဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ၅၅ ရာခိုင်နှုန်း အထက်သို့လည်းကောင်း၊ NEP Phase -I အရ (၆၇) ရွာ ဓာတ်အားတိုးတက် ရရှိလာမည် ဖြစ်၍ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်း အထက်သို့လည်းကောင်း ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရန် စီမံဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း၊ ပြည်သူများ ဓာတ်အားရရှိသုံးစွဲနိုင်ရေးအတွက် ယနေ့အထိ နိုင်ငံတော်မှ မွန်ပြည်နယ် တစ်ခုလုံးအတွက် ငွေကျပ် ၇၇ ဒသမ ၇ ဘီလီယံ အကုန်အကျခံ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း။

            နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်သည် တစ်နှစ်လျှင် ၁၉ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိပြီး မဂ္ဂါဝပ်အားဖြင့် တစ်နှစ်လျှင် ၃၀၀ မှ ၅၀၀ ကြား တိုးတက်လိုအပ် လျက်ရှိကြောင်း၊ လက်ရှိအခြေအနေတွင် ဓာတ်အားထုတ်လုပ်နိုင်မှုမှာ မဂ္ဂါဝပ် (၃၈၀၀) ခန့်ရှိသော်လည်း နောက် (၃) နှစ်ခန့်အတွင်းတွင် တိုးတက်လာမည့် ဓာတ်အား လိုအပ်ချက်အရ နောက်ထပ်မဂ္ဂါဝပ် (၃၀၀၀) ခန့် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း။

            ဓာတ်အားများကို တစ်နိုင်ငံလုံးပို့ဆောင်ရာတွင် တောင့်တင်းသောဓာတ်အား ကွန်ယက်ဖြင့် သယ်ဆောင်နိုင်ရန် ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းများနှင့် ၅၀၀ ကေဗွီ ပြည်ထောင်စုမဟာဓာတ်အားလိုင်းများ တည်ဆောက်နိုင်ရေး အစီအစဉ်များရေးဆွဲ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၈ သန်းကျော်ရှိကြောင်း၊ ၂၀၁၉ ခုနှစ်မတ်လအထိ အိမ်ထောင်စုပေါင်း ၄ ဒသမ ၇ သန်းကျော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိခဲ့ပြီးဖြစ်ကြောင်း၊ ၆ ဒသမ ၁ သန်းကျော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရန် ကျန်ရှိနေကြောင်း၊ ၂၀၁၉ ခုနှစ်အကုန်တွင် တစ်နိုင်ငံလုံးရှိ ၅၀ ရာခိုင်နှုန်းသော အိမ်ထောင်စုများ လျှပ်စစ်မီး ရရှိရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ် မတ်လတွင် တစ်နိုင်ငံလုံး အိမ်ထောင်စုအားလုံး၏ ၅၅ ရာခိုင်နှုန်းကျော် အား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ၅၅ ရာခိုင်နှုန်း၊ ၂၀၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထက်နှင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ပြည့်ဝစွာ သုံးစွဲနိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Credit: https://www.facebook.com/MOIWebportalMyanmar/

Post under by : ဝန်ကြီးရုံး
06-Apr-2019